#ချမ်းသာတဲ့လူနဲ့မချမ်းသာတဲ့လူ
ဆိုပြီး ကွဲပြားသွားရတဲ့ အဓိကအကြောင်းအရင်း
ဥပမာ- ကျွန်တော့်မှာ ကြက်သုံးကောင်ရှိတယ် ဆိုကြပါစို့။
တစ်ကောင်ကို အရက်သမားလက်ထဲ ပေးလိုက်မယ်။ ဒါဆို ဘာဖြစ်သွားမယ်ထင်သလဲ..? သေချာပါတယ်၊ အမြည်းဖြစ်သွားမှာပေါ့။
နောက်တစ်ကောင်ကို ကြက်တိုက်သမား လက်ထဲ ပေးလိုက်မယ်။ သေချာတယ် အဲ့ဒီကြက်က တိုက်ကြက်ဖြစ်သွားလိမ့်မယ်။
နောက်ဆုံးတစ်ကောင်ကို မွေးမြူရေးသမား လက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင် သူဟာ အဲ့ဒီကြက်ကိုမွေးပြီး နောက်ထပ် ကြက်တွေအများကြီးပေါက်လာအောင် လုပ်လိမ့်မယ်။
ရလာတဲ့ကြက်အပေါ် သူတို့တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းမှာ ရှိတဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ် မူတည်ပြီး အမြည်း၊ တိုက်ကြက်၊ မွေးမြူရေးကြက်ဆိုပြီး ပြောင်းလဲသွားတယ်။
ဒီသဘောပဲ။ လူတွေမှာလည်း ကြွယ်ဝချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူဆိုပြီး ကွဲပြားသွားစေတာဟာလည်း ပိုက်ဆံအပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ်မှာ မူတည်ပြီး ကွဲပြားသွားစေတာ ဖြစ်တယ်။
တချို့က ရှိတယ်။ ထီပေါက်ရင် ချမ်းသာမယ်၊ မိဘဆီက အမွေတွေရရင် ချမ်းသာမယ်၊ လစာကောင်းတဲ့ အလုပ်ရှိရင် ချမ်းသာမယ် ဒီလိုထင်ကြတယ်။ တကယ်က မဟုတ်ဘူး။ ဘယ်လောက်ပဲ လစာကောင်းကောင်း၊ ဘယ်လောက်ကြီးတဲ့ ထီဆုကြီးပဲ ပေါက်ပေါက် ပိုက်ဆံအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ စိတ်နေသဘောထားက လွဲနေရင် အဲ့ဒီလွဲတဲ့ လမ်းကြောင်းအတိုင်းပဲ လိုက်သွားလိမ့်မယ်။
ခုနကလိုပေါ့ အရက်သမားကို ကြက်တွေအများကြီးသွားပေးလည်း သူနေ့တိုင်း အရက်နဲ့ မြည်းလို့ရပြီဆိုတဲ့ အမြင်ပဲ ရှိတာကြောင့် အမြည်းဖြစ်ရုံသာရှိမယ်။ ကြက်သမားလည်း ဒီတိုင်းပဲ။ မွေးမြူရေးသမားထက်ထဲရောက်မှသာ ရလာတဲ့ကြက်တွေကို မွေးရင်း မွေးရင်းနဲ့ ကြက်တွေများသထက်များလာပြီး ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။
အလားတူပဲ တစ်လကို သိန်း ၂၀ ရှာနိုင်ရှာနိုင် ၃၀ ရှာနိုင်ရှာနိုင်၊ ရှာနိုင်တဲ့ ပိုက်ဆံကို သုံးစရာအဖြစ်ပဲ မြင်နေရင် သုံးစရာအဖြစ်ပဲ ရောက်သွားလိမ့်မယ်။ စုဆောင်းစရာ၊ ကိုယ့်ကို ငွေပြန်ရှာပေးနိုင်တဲ့အရာလို့ မြင်မှ ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။
ဒါကြောင့် ချမ်းသာကြွယ်ဝဖို့အတွက်ဆိုရင် ဝင်ငွေကောင်းဖို့က အရေးကြီးတယ်ဆိုတာ မှန်ပေမယ့် ဝင်ငွေအပေါ်မှာ သဘောထားတဲ့ ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားတွေက ပိုပြီး အရေးကြီးတယ်။
အဲ့ဒီစိတ်နေသဘောထားကပဲ လူချမ်းသာ၊ လူဆင်းရဲ ဆိုပြီး ကွဲပြားသွားအောင် အဓိက ဆုံးဖြတ်ပေးနေတာ ဖြစ်တယ်။
Credit
Post a Comment